မုန့်ဟင်းခါး
မြန်မာ့ရိုးရာ အစားအစာတစ်မျိုးဖြစ်သော မုန့်ဟင်းခါးသည် အချဉ်ဖေါက် ပြုလုပ်သည့် ဆန်ခေါက်ဆွဲဖတ် (မုန့်ဖတ်) လေးများနှင့် ငါးဖြင့်အဓိက ချက်လုပ်သော ဟင်းခါးရည် တို့ကို အတူတွဲဖက် စားသုံးရသည့် သာရေစာ တစ်မျိုးဖြစ်သည်။ မုန့်ဟင်းခါးအား မြန်မာနိုင်ငံ၏ အမျိုးသား စားဖွယ် အဖြစ် အချို့က ယူဆကြသည်။ မြန်မာနိုင်ငံ တစ်ဝန်းရှိ မြို့၊ ရွာတိုင်း တွင် မုန့်ဟင်းခါး ရောင်းချ ကြပြီး နံနက်စာ မှ နေ့လယ် နေ့ခင်း အစာပြေ အပြင် ညလည်စာ အဖြစ်ပါ နှစ်ခြိုက်စွာ စားသုံး လေ့ရှိကြသည်။ ထို့အပြင်မုန့်ဟင်းခါးသည် အာဟာရအားဖြင့် ပရိုတင်း၊ ကာဗိုဟိုက်ဒရိုတ် နှင့် ဓာတ်ဆားများ ပါဝင်ပြီး ချက်ပုံ ချက်နည်း ရိုးရှင်းလွယ်ကူ သည့်အပြင် စရိတ်ပါ သက်သာ သောကြောင့် မြန်မာလူမျိုးတိုင်း နှစ်သက်သော အစား အစာ လည်းဖြစ်သည်။
အခြားအမည်များ | မုန့်၊ မုန့်ဟင်း |
---|---|
အဓိကသုံးဆောင်မှု | နံနက်စာ၊ အစာပြေ |
မူရင်းနိုင်ငံ | မြန်မာ |
ဖန်တီးသူ | မသိ |
သုံးဆောင် အပူချိန် | အပူ |
အဓိက ပါဝင်ပစ္စည်း | မုန့်ဖတ်၊ ညှပ်ခေါက်ဆွဲ၊ ငါး |
မျိုးကွဲများ | ဒေသအလိုက်ကိုကြည့်ပါ |
Cookbook: မုန့်ဟင်းခါး Media: မုန့်ဟင်းခါး |
သမိုင်းကြောင်းပြင်ဆင်
ရှေးမြန်မာ့သမိုင်း တစ်လျောက်တွင် မုန့်ဟင်းခါးနှင့် ပတ်သက်၍ ကျောက်စာ၊ ပေစာများဖြင့် မှတ်တမ်းတင် ခဲ့ခြင်း မရှိသဖြင့်မုန့်ဟင်းခါး ပေါ်ပေါက်ရာ ဇာတိ နှင့် ခေတ်ကာလအား သိရှိရန် များစွာ ခက်ခဲလှသည်။ မုန့်ဟင်းခါးအား အစောဆုံး အထောက်အထား ဖြင့် တွေ့ရှိရသည့် နေရာမှာ ကုန်းဘောင်ခေတ် စာဆို ဦးပုည၏ လင်္ကာများ အနက်မှ တစ်ခုတွင် ဖြစ်ပြီး "မုန့်ဟင်း"ဟု သုံးနှုန်းခဲ့သည်။ ကုန်းဘောင်ခေတ် ဒုတိယပိုင်း၌ ဘကြီးတော်ဘုရား လက်ထက်နှင့် ကုန်းဘောင်ရွှေဘိုမင်း လက်ထက်တွင် ပေါ်ပေါက်သော ကဗျာစာဆိုတစ်ဦးဖြစ်သည့် ဖိုးသူတော်ဦးမင်းက ခေတ်ပြိုင်စာဆို လူဦးမင်း(စာဆိုတော်ဦးမင်း) နှင့် မုန့်ဟင်းခါး အကြောင်း အပြိုင်စပ်ဆိုရာတွင် "မုန့်တီ" ဟုသုံးနှုန်းခဲ့သည်။ ယခုအခါတွင် မုန့်ဟင်းခါးကို "မုန့်တီ" ဟု ပြောဆိုသောသူသည် အနည်းငယ်သာရှိတော့သည်။ ဤသို့ဆိုလျှင် "မုန့်တီ"သည် မုန့်ဟင်းခါးကို ဆိုလိုပြီး ရခိုင်မုန့်တီ သည်ကား ရခိုင်လူမျိုးများ၏ ရှေးရိုးရာအစားအစာ အာပူလျှာပူနှင့် ရိုးရိုးရခိုင်မုန့်တီ၊ ရခိုင်မုန့်တီသုပ် အစရှိသည်တို့ကိုဆိုလိုပေမည်။ ယနေ့တိုင် အချို့ဒေသများတွင်မုန့်ဟင်းခါးအား "မုန့်" "မုန့်ဟင်း" အစရှိ သဖြင့် ခေါ်ဝေါ် လျှက်ရှိဆဲ ဖြစ်သောကြောင့် ကုန်းဘောင်ခေတ်တွင် မုန့်ဟင်းခါးပေါ်ပေါက်ပြီး ဖြစ်သည်ဟု ယူဆကြသည်။ တဖန် ပျူမြို့ဟောင်းများ တူးဖေါ်ရာတွင် ဆန်မှုန့်နှင့် အချဉ်ဖေါက်ပြုလုပ်သော ကိရိယာအများအပြား တူးဖေါ် ရရှိခဲ့သောကြောင့် ထမင်းအစားထိုး၊ ဆန်ဖြင့်ပြုလုပ်သည့် မုန့်နှင့် မုန့်ဟင်းခါးပေါ်ပေါက်နေခဲ့ နိုင်ကြောင်း ကောက်ချက် ဆွဲကြသည်။ ထို့အပြင် မုန့်ဟင်းခါး သမိုင်းကို စနစ်တကျ သုတေသန ပြုရန် ကြိုးစားခဲ့သော ဒေါက်တာ ခင်မောင်ညွန့်၏ အဆိုအရ၊ မုန့်ဟင်းခါးချက်နည်းသည် ရှေးနန်းတွင်း ဟင်းချက်နည်းမျိုးစုံ စာရင်းတွင် ရှာမတွေ့ ခဲ့ခြင်းကြောင့် သာမာန် အရပ်သား လူအများတို့ ၏အစားအစာသာ ဖြစ်နိုင်ကြောင်း။ ထို့ကြောင့်ပင် မည်သူတစ်ဦး တစ်ယောက်မျှ အရေးတယူ မှတ်တမ်း မတင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။
ယျေဘူယျအသုံးပြုသောပစ္စည်းများပြင်ဆင်
- မုန့်ဖတ်
- ငါးအဖြစ် (ငါးခူ၊ ငါးကျည်း၊ ငါးကြင်း၊ ငါးသလောက်၊ ငါးရှဉ့်)အပြင် အခြားသောငါးများ လည်းအသုံးပြုလေ့ ရှိသည်။ ငါးနှစ်မျိုး သို့မဟုတ် သုံးမျိုးစပ် အသုံးပြုခြင်းသည် ငါးတစ်မျိုးတည်း အသုံးပြုခြင်း ထက် ပိုကောင်းသည် ဟုဆိုသည်။
- ငါးရှားပါးသော ဒေသများတွင် ကြက်သား၊ အမဲသားတို့ကို အသုံးပြု လေ့ရှိသည်။
- ဆီ
- ငံပြာရည်
- ဆား
- နနွင်းမှုန့်
- ငှက်ပျောအူ
- ဆန်လှော်မှုန့်
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ပဲမှုန့်
- ချင်း
- ငရုတ်ကောင်း
- စပါးလင်
အသုံးပြုသော ပစ္စည်းအမျိုးအစားများမှာ ချက်လုပ်နည်း အပေါ်တွင် လည်ကောင်း ဒေသအလိုက် ရရှိနိုင်မှု ပေါ်တွင် လည်ကောင်း မူတည်၍ ကွဲပြားလေ့ရှိသည်။
တွဲဖက်စားသုံးလေ့ရှိသောပစ္စည်းများပြင်ဆင်
ဒေသအလိုက်မုန့်ဟင်းခါးပြင်ဆင်
မြန်မာနိုင်ငံ ဒေသအသီးသီးတွင် ချက်လုပ်နည်းနှင့် အသုံးပြုသော ပစ္စည်းများ ကွဲပြားမှုကြောင့် အရသာ နှင့် အပြင်အဆင် လည်း အမျိုးမျိုး ကွဲပြား ကြသည်။ အကြမ်းဖျင်းအားဖြင့် ရန်ကုန်နှင့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသဟန် မုန့်ဟင်းခါးများမှာ လူကြိုက်အများဆုံး ဖြစ်သည်။
မုန့်ဟင်းခါးယဉ်ကျေးမှုပြင်ဆင်
မုန့်ဟင်းခါးသည် မြန်မာ့လူ့အဖွဲ့ အစည်းအတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး ဖြစ်သော အစားအစာ ဖြစ်သည့် အားလျော်စွာ နေရာ၊ ဒေသ၊ အချိန်အခါ မရွေး ရနိုင်သော အစားအစာ ဖြစ်သည်။ နာမည်ကျော် ဆိုင်ကြီး၊ ကနားကြီး များတွင် သာမက၊ လမ်ဘေး ပလက်ဖေါင်းပေါ်ရှိ ဆိုင်ငယ် များတွင်လည်းကောင်း၊ ဆိုင်းထမ်း၊ ခေါင်းရွက်ဗျတ်ထိုး၊ လက်တွန်းလှည်း၊ ဆိုက်ကား များဖြင့် လှည့်လည် ရောင်းချသူများ ထံတွင် လည်ကောင်း ဝယ်ယူ ရရှိနိုင်သည်။ မြို့ကြီးအချို့ရှိ ကားဂိတ်၊ သင်္ဘောဆိပ်၊ ဘူတာရုံ အစရှိသည့် လူစည်ကားရာ အရပ်များတွင် ၂၄နာရီ ပတ်လုံး ရောင်းချသည့် ဆိုင်များ ရှိလေ့ ရှိသည်။
ထို့အပြင်မုန့်ဟင်းခါးသည် လူမျိုး၊ ဘာသာမရွေး စားသုံးနိုင်ခြင်းကြောင့် အလှူမင်္ဂလာ၊ ဆွမ်းကျွေး ကဲ့သို့ သာရေး များမှ အသုဘ၊ နာရေး အထိ မပါမဖြစ်သော အစားအစာ ဖြစ်သည်။ ယခုအခါတွင် မုန့်ဟင်းခါးသည် မြန်မာလူမျိုးများ သွားရောက် အလုပ်လုပ်ကိုင်၊ အခြေချရာ စင်္ကာပူ၊ ထိုင်း၊မလေးရှား၊ ဂျပန်၊ ကိုရီးယား၊ဗြိတိန်၊ အမေရိကန် နှင့် အခြားကမ္ဘာ့ နိုင်ငံအများအပြားသို့ မြန်မာများနှင့် အတူ ပျံနှံ့ ရောက်ရှိ လာခဲ့သည်။ ထို့ကြောင့် ပြည်ပဈေးကွက် အတွက် အထူးရည်ရွယ် ထုတ်လုပ်လာသော အသင့်ချက်ပြုတ်နိုင်သည့် မုန့်ဟင်းခါးခြောက်ထုပ် များလည်း ပေါ်ပေါက် လာခဲ့သည်။
#wikimyanmar
#zbhtet
Comments
Post a Comment