သင်္ချာကိန်း၊ ပမာဏ၊ သဏ္ဌာန်၊ ဆက်နွယ်ချက် စသည်တို့၏ သဘောကို လေ့လာသည့် ဘာသာရပ်
အသိပညာ၊ စူးစမ်းလေ့လာခြင်း" စသည်ဖြင့် အနက်ဖွင့်နိုင်သည့် ရှေးဂရိဝေါဟာရ máthēma ခေါ် μάθημα မှ ဆင်းသက်လာသည့် mathematics ဟု အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း၊ "ရေတွက်ခြင်း" ဟု အနက်ဖွင့်နိုင်မည့် ရှေးပါဠိဝေါဟာရမှ ဆင်းသက်လာသည့် သင်္ချာ ဟု မြန်မာဘာသာဖြင့်လည်းကောင်း ခေါ်ဆိုသည့် ဘာသာရပ်တွင် ကိန်းများ (numbers)၊ အရေအတွက် ပမာဏ (quantity)၊ ဟင်းလင်းပြင်ရပ်ဝန်း (space)၊ တည်ဆောက်ပုံသဏ္ဌာန် (structure)၊ ပြောင်းလဲခြင်း (change) စသည်တို့ကို လေ့လာသည်။
အရေအတွက် (ဂဏန်း) များ၊ ၎င်းတို့နှင့် သက်ဆိုင်သော လုပ်ဆောင်ချက်များ၊ ၎င်းတို့ အချင်းချင်း ဆက်နွယ်နေမှုများ၊ ပေါင်းစပ်ခြင်းများနှင့် ၎င်းတို့၏ အနှစ်သာရများ စသည်တို့သာမက ထိုဂဏန်းများ သင်္ချာဆိုင်ရာ ရပ်ဝန်းများတွင် မည်သို့ တည်ရှိနေကြသည်၊ မည်သို့သော ပုံသဏ္ဌာန်ရှိသည်၊ ၎င်းတို့ကို မည်သို့ တိုင်းတာမည်၊ မည်သို့ ပုံစံပြောင်းလဲမည်၊ ယေဘုယျအားဖြင့် မည်သို့ သုံးသပ်မည် စသည်တို့ကို လေ့လာခြင်းဖြစ်သည်။ ရေတွက်ခြင်း၊ တွက်ချက်ခြင်း၊ တိုင်းတာခြင်း၊ တည်ရာပြ ဗက်တာတို့၏ ရွေ့လျားမှုကို စနစ်တကျ လေ့လာခြင်း၊ ပုံဖော်ရန် ခက်ခဲသော ပုံသဏ္ဌာန်တို့၏ ရွေ့လျားမှုများကို လေ့လာခြင်း စသည်တို့မှတဆင့် ၎င်းတို့နှင့် ဆက်စပ်နေသော အနှစ်သာရများကို ယုတ္တိကျကျ သုံးသပ်ရာမှ သင်္ချာပညာ တိုးတက်ပြောင်းလဲလာသည်။ သင်္ချာဘာသာသည် ပမာဏတို့ကို ရေတွက်ခြင်း၊ တွက်ချက်ခြင်း၊ ဇယားပြုစုဆောင်းခြင်း စသည်တို့အတွက် အသုံးပြုသည့် တွက်ချက်ကိရိယာ သက်သက်အဖြစ် စတင်ခဲ့သော်လည်း၊ ယခုအခါတွင် သင်္ချာဘာသာမှာ များစွာနက်ရှိုင်းလှပလာပြီး စိတ္တဇ နာမ်သဘာဝသက်သက် လေ့လာခြင်းမှသည် လက်တွေ့ ရုပ်လောက၌ အသုံးချခြင်းအထိ ကျယ်ပြောလာသည်။[၁]
မျက်မှောက်ခေတ် သင်္ချာပညာရှင်တို့သည် အထက်ဖော်ပြပါ အကြောင်းအရာများကို စူးစမ်းလေ့လာပြီး ထိုမှတဆင့် ယူဆချက်အသစ်များ၊ ယေဘုယျပြုချက်များ စသည်တို့ကို ထုတ်ဖော်နိုင်ရန် ကြိုးပမ်းကြသည်။ သင်္ချာအဆိုတစ်ခု မှန်/မမှန်ကို ယုတ္တိကျကျ ကျိုးကြောင်းဆက်စပ်၍ သက်သေပြခြင်းဖြင့် ဆုံးဖြတ်လေ့ရှိသည်။ ဆိုလိုသည်မှာ သင်္ချာအဆိုတစ်ခုအတွက် လက်တွေ့ သက်သေသက္ကာယ တောင်ပုံရာပုံ ရှိနေသော်လည်း၊ ပေးထားချက်များမှ ကျိုးကြောင်းဆက်စပ်၍ ယုတ္တိကျကျ သက်သေမပြနိုင်သရွေ့ ၎င်းအဆိုကို ပကတိအမှန်ဟု သင်္ချာဘာသာတွင် မယူဆချေ။
သင်္ချာဟူသည် အဘယ်နည်းဟူသော မေးခွန်းအတွက် အားလုံးသဘောတူ လက်ခံသည့် ကျစ်လစ်တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိသည့်အပြင်[မှတ်စု ၂] လက်တွေ့လုပ်ကိုင်နေသည့် သင်္ချာပညာရှင် အများစုသည် ဤမေးခွန်းကိုဖြေရန် စိတ်ဝင်စားလေ့မရှိပါ။[မှတ်စု ၃] သို့သော် ပုဂ္ဂိုလ်ကျော်အချို့၏ သင်္ချာအပေါ် ရှုမြင်ပြောဆိုချက်များကို ကြားနာခြင်းဖြင့် သင်္ချာ၏ သဘောသဘာဝကို တစေ့တစောင်း သိနိုင်သည်။ စွယ်စုံရပညာရှင် ဂယ်လီလီယို (၁၅၆၄-၁၆၄၂) က "သဘာဝတရားကို ကျမ်းတစ်စောင်ဟု တင်စားလျှင် ၎င်းကျမ်းကို သင်္ချာဘာသာစကားဖြင့် ရေးသားထားသည်" ဟုလည်းကောင်း၊[၃] သင်္ချာပညာရှင် ကားလ် ဖရီးဒရစ် ဂေါက် (၁၇၇၇-၁၈၅၅) က "သင်္ချာသည် သိပ္ပံပညာရပ်များ၏ ဘုရင်မ"[၄] ဟုလည်းကောင်း၊ သင်္ချာပညာရှင် ဘင်ဂျမင် ပီရာ့ (၁၈၀၉-၁၈၈၀) က သင်္ချာကို "မလွှဲမသွေဖြစ်ရမည့် ဧကန်မုချ အကျိုးရလဒ်များကို ကောက်ချက်ဆွဲသည့် သိပ္ပံဘာသာရပ်"[မှတ်စု ၄] ဟုလည်းကောင်း၊[၆] ဆိုခဲ့သည်။
သင်္ချာကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းတွင် အခြေခံ သင်ရိုးညွှန်းတမ်း ဘာသာရပ်တစ်ခု အဖြစ်သင်ကြားပေးလေ့ရှိပြီး၊ သဘာဝသိပ္ပံပညာရပ်များ၊ အင်ဂျင်နီယာဆိုင်ရာ ပညာရပ်များ၊ ဆေးပညာနှင့် လူမှုသိပ္ပံ ပညာရပ်များ၊ အစရှိသည့် ဘာသာရပ်နယ်ပယ် အမြောက်အမြားတွင် မရှိမဖြစ်လိုအပ်သော လက်နက်ကိရိယာအဖြစ် ကမ္ဘာတဝှမ်း အသုံးပြုကြသည်။
#wikipedia
Comments
Post a Comment